ကလေးတွေမှာ ပေါက်တဲ့ဝက်ခြံ
ဝက်ခြံဆိုရင် လူပျိုဖော်၊ အပျိုဖော်ဝင်စမှာ စပေါက်ပြီး လူကြီးတွေမှာပဲ ပေါက်တာလို့ အများစုက သိထားကြတော့ ကလေးတွေမှာပေါက်တဲ့ဝက်ခြံ လို့လားဆိုပြီး ထူးဆန်းနေကြမယ်ထင်ပါတယ်။
အဖြစ်မများပေမယ့်၊ လူကြီးတွေမှာလို ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာမဟုတ်ပေမယ့် ကလေးတွေမှာလည်း ဝက်ခြံပေါက်နိုင်ပါတယ်။ တကယ်လို့ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်သလိုမျိုး ပေါက်တာဆိုရင်တော့ ဟော်မုန်းအထူးကုဆရာဝန်နဲ့ ပြသဖို့လိုကောင်းလိုနိုင်ပါတယ်။
အသက်အရွယ်အပိုင်းအခြားအလိုက် ပေါက်တဲ့ဝက်ခြံတွေဟာ ကုသမှုလည်း မတူလှပါဘူး။ ကုသဖို့လိုအပ်တာရှိသလို ကုသစရာမလိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
(1) မွေးကင်းစကလေးဝက်ခြံ
မွေးကင်းစကလေးဝက်ခြံကို မွေးကင်းစ ပထမခြောက်ပတ်မှာ တွေ့ရနိုင်ပြီး ရှားရှားပါးပါးတခါတရံ မွေးမွေးချင်းမှာ ပါလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ့်ဝက်ခြံအစစ်ကြီးတွေလို မဟုတ်ပေမယ့်လည်း ပါး၊ နှာခေါင်းနဲ့ မေးစေ့မှာ ဝက်ခြံလိုအနီဖုလေးတွေကို တွေ့ရတတ်ပါတယ်။
မွေးကင်းစကလေးဝက်ခြံဟာ ပြင်းထန်လေ့မရှိသလို ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့အလိုလိုပျောက်သွားတတ်တာမို့ စိုးရိမ်ဖို့မလိုသလို ကုသမှုလည်း မလိုအပ်လှပါဘူး။ အကယ်၍ စိုးရိမ်တယ်ဆိုရင်တော့ ကလေးဆရာဝန် သို့မဟုတ် အရေပြားဆရာဝန်နဲ့ ပြသပါ။
(2) လသားကလေးဝက်ခြံ
တစ်လခွဲကနေ နှစ်နှစ်အရွယ် ကလေးတွေမှာ တွေ့ရပြီး မွေးကင်းစကလေးဝက်ခြံလောက် အဖြစ်မများပါဘူး။ ကုသမှုမလိုအပ်တာများပေမယ့် ပြည်ဖုလိုမျိုးတွေပါ ဖြစ်လာရင်တော့ ကလေးဆရာဝန်/ အရေပြားဆရာဝန်တွေနဲ့ ပြသဖို့လိုနိုင်သလို ဟော်မုန်းအထူးကုနဲ့လည်း ပြသဖို့ လိုကောင်းလိုနိုင်ပါတယ်။
(3) အသက် ၁ နှစ်မှ ၇ နှစ်အရွယ်
ဒီအရွယ်ကတော့ ဝက်ခြံပေါက်တာ ရှားပါတယ်။ ဝက်ခြံလိုအဖုမျိုးတွေ့ခဲ့ရင် ဝက်ခြံအစစ်ဟုတ်ရဲ့လားလို့ သေချာစစ်ဆေးသင့်ပါတယ်။ မိတ်ဖုတွေ၊ မွေးညှင်းပေါက်ရောင်တာတွေနဲ့လည်း ဝက်ခြံကို မှားနိုင်တာမို့ မသေချာရင် တတ်ကျွမ်းသူနဲ့ ပြသသင့်ပါတယ်။
တကယ့်ဝက်ခြံလို အများကြီးပေါက်မယ်၊ အချိန်လည်းကြာမယ်ဆိုရင်တော့ ဟော်မုန်းအထူးကုနဲ့ ပြသဖို့ လိုပါလိမ့်မယ်။
(4) အသက်၇ နှစ်မှ ၁၂ နှစ်အရွယ်
ဒီအရွယ်က ဝက်ခြံပေါက်ဖို့ ငယ်သေးစောသေးတယ်လို့ ထင်ရပေမယ့် လူပျိုဖော်၊ အပျိုဖော်ဝင်ခါနီးအရွယ်ဖြစ်လို့ ဟော်မုန်းအပြောင်းအလဲတွေ စဖြစ်နိုင်တဲ့အရွယ်မို့ တကယ်တော့ ပုံမှန်ပါပဲ။ ဒီအရွယ်မှာ ဝက်ခြံစပေါက်တဲ့ကလေးတွေဟာ လူပျိုဖော်အပျိုဖော်ဝင်တဲ့အချိန်ကျ တခြားသူတွေထက် ဝက်ခြံပိုပေါက်နိုင်ပါတယ်။
ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ဝက်ခြံပျောက်ဆေးတွေကို စတင်သုံးစွဲနိုင်တဲ့အရွယ် ဖြစ်ပြီး မသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။
(5) ဆယ်ကျော်သက်ဝက်ခြံ
ဆယ်ကျော်သက်နဲ့ ဝက်ခြံကတော့ တွဲနေတာပါပဲ။ ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းတွေ စပြောင်းလဲတာမို့ ဝက်ခြံထွက်လာတာပုံမှန်ပါပဲ။ သန့်ရှင်းရေးသေချာဂရုမပြုရင် ပြည်ဖုတွေပါ ဖြစ်လာတာ၊ မျက်နှာတပြင်လုံး အများကြီး ပေါက်လာတာတွေ ဖြစ်တတ်တဲ့ အရွယ်ပါ။ ပုံမှန်အားဖြင့် အသက် ၂၀ ကျော်ရင် လျော့သွားလေ့ ရှိပါတယ်။
ဝက်ခြံအတွက် လိမ်းဆေးတွေ၊ သောက်ဆေးတွေ အမျိုးမျိုးရှိတာမို့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်ပြီး ကိုယ်နဲ့သင့်တော်ရာကို သုံးစွဲသင့်ပါတယ်။
ဘယ်အရွယ်မှာ ဝက်ခြံပေါက်ပေါက် အရေးအကြီးဆုံးကတော့ သန့်ရှင်းရေးပါပဲ။
- Skin care ပုံမှန်လုပ်ပါ။
- မျက်နှာကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့။
- ဝက်ခြံကို ဆိတ်တာ၊ ဆွတာမျိုးရှောင်ပါ။
- အိပ်ယာခင်းနဲ့ ခေါင်းအုံးဖုံးတွေကို တစ်ပတ်တစ်ခါ လဲပါ။
- ဆီကြော်တွေ ရှောင်ပြီး အသီးအရွက် များများစားပါ။
- အိပ်ရေးဝအောင် အိပ်ပါ။
- စိတ်ဖိစီးမှုများ ကင်းဝေးအောင်နေပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်